စစ်သားနဲ့ စစ်တပ်ရဲ့အဓိကတာဝန်ကဘာလဲဆိုတာ မမေ့သင့်ဘူး။ မေ့နေရင် ပြောပြမယ်။ စစ်တပ်နဲ့စစ်သားရဲ့ အဓိကတာဝန်ကတော့ ကိုယ့်တိုင်းပြည်ကို တိုင်းတပါးရန်က အသက်ပေးကာကွယ်ဖို့ပါ။ ဒီလိုကိုယ့်လူထုကို သေနတ်ပြပြီးရိုက်ဖို့ မဟုတ်ဘူး။ သေနတ်ကိုင်ထားပြီးမှ ကိုယ့်လူထုကို ကိုယ်ပြန်ရိုက်ရဲတဲ့သတ္တိမျိုး စစ်သားမပြောနဲ့ ကလေးတောင် အဲလိုသတ္တိမျိုးရှိတယ်။

Saturday, September 29, 2007

ယာတောကသဗြော၏အမြင်

ကိုဟိုဒင်းရေ ………
လူကိုခွေးသတ်တာသာမက သံဃာကိုခွေးသတ်တာပါ ကျနော်တို့တွေ့နေကြရပါပြီ။ ဗမာပြည်သမိုင်းမှာ အဆိုး ဆုံးအဖြစ်ကို ကျနော်တို့မျက်မြင်ကိုယ်တွေ့ရင်ဆိုင်နေရတာပါလားဗျာ။ ဒါဗမာနိုင်ငံမှဟုတ်ပါလေစ၊ ၂၁ရာစု မှ ဟုတ်ပါလေစလို့ ကိုယ့်ကိုယ်ကို အကြိမ်ကြိမ်ပြန်မေးနေမိတော့တယ်။
အင်္ဂလိပ်ကိုလိုနီအစိုးရလက်ထက် ၁၉၃၆ခုနှစ်၊ မန္တလေးအာဇာနည်(၁၇)ဦးအရေးအခင်းမှာ သံဃာကိုပစ်သတ် တယ်ဆိုတာရှိခဲ့ဘူးတယ်။ ဒါပေမဲ့ အဲဒါက ကိုလိုနီအစိုးရ၊ ဘာသာမတူ၊ လူမျိုးကွဲပြား၊ တခြားနိုင်ငံကလာတဲ့ နယ်ချဲ့တွေ။ နောက်ပြီး ဂျပန်ဖက်ဆစ်ကာလတုန်းက သံဃာတော်တွေကို ရိုက်တယ်နှက်တယ်ဆိုတာရှိခဲ့ဖူး တယ်၊ ဒါဟာလည်း ဓလေ့ထုံးစံမတူ၊ လူမျိုးကွဲပြားတဲ့ တိုင်းတပါးကဖက်ဆစ်တွေ။
အခုတော့ ရိုင်းပလေ့ဗျာ ……. ရာဇ၀ရိုင်းပလေ။
ရွှေတိဂုံကုန်းတော်ပေါ်မှာ စစ်ဖိနပ်တွေ တခွပ်ခွပ်နဲ့တဲ့။ ရှေးခေတ်က ဗမာအမျိုးသားတွေ အင်္ဂလိပ်ကိုလိုနီနဲ့ ရင်ဆိုင်ခဲ့ကြတာကို မကြားဖူးကြလေရော့သလား။ ရွှေတိဂုံကုန်းတော်ပေါ်မှာ ဖိနပ်မချွတ်တဲ့ အင်္ဂလိပ်ကို အသေခံပြီး ဓားနဲ့ခုတ်ခဲ့တာလေ။ ကျနော်တို့နိုင်ငံသားတွေ၊ ဗုဒ္ဓဘာသာဝင်တွေအနေနဲ့ ပြင်းပြင်းထန်ထန်တိုက်ပွဲ ဆင်ခဲ့ရတဲ့ သမိုင်းရှိခဲ့ပါတယ်။ အဲဒီတုန်းက သတင်းစာတွေ၊ ဇာတ်သဘင်တွေအပါ ဒီကိစ္စကိုအပြင်းအထန် ဆန့်ကျင်ကြလို့ တနိုင်ငံလုံးဆိုင်ရာ အမျိုးသားရေးလှုပ်ရှားမှုကြီးဖြစ်ခဲ့တယ်။ ဒါဟာမဝေးလှသေးတဲ့ သမိုင်း၊ စာနဲ့ ပေနဲ့ ဓါတ်ပုံအထောက်အထားနဲ့ကိုရှိတဲ့ သမိုင်းဖြစ်ပါတယ်။ ဒါနဲ့တောင်မှ အခုကိုယ့်နိုင်ငံသားက တိုင်းတပါးသားထက်တောင်ပိုမိုက်ရိုင်းတာ တွေ့နေရပါရော့လား။ ကိုဟိုဒင်းရေ၊ ခင်ဗျားလည်း ကျနော်လိုပဲနေမှာပါ၊ အခုအခါမှာ ရေဒီယို အင်တာနက်တွေရှေ့မှာထိုင်ပြီး လူဟာတုန်ရီနေအောင် ဒေါသတွေဖြစ်နေရတယ်။ ခင်ဗျားဆီကိုရေးတဲ့ဒီစာမှာ ဒေါသသံများပါသွားရင်လည်း ခွင့်လွှတ်ပါ။ ဒီအချိန်ဟာ ကျနော်တို့နိုင်ငံသားတွေ တကယ့်ကိုကြိတ်မနိုင်ခဲမရ ဒေါသတွေဖြစ်ကြ မျက်ရည်တွေကျကြတဲ့အချိန်ပါ။
ပြောလို့ပြောတာမဟုတ်ပါဘူးဗျာ။ ကျနော်တို့နိုင်ငံက သံဃာတော်တွေလောက် ကိုယ်ကျိုးစွန့်တဲ့၊ နိုင်ငံနဲ့အမျိုး သားကို ချစ်မြတ်နိုးတဲ့ သံဃာတော်၊ ဒါမှမဟုတ် တခြားဘာသာရေးဝန်ထမ်း ဘယ်နိုင်ငံမှာမှ မရှိဘူးလို့ခံစားမိပါ တယ်ဗျာ။ တဦးစ၊တဖွဲ့စတော့ ရှိနိုင်လောက်ပါတယ်။ ဒါပေမဲ့ အခုလို သောင်းလိုက်၊ သိန်းလိုက်ပရိတ်ရွတ်၊ မေတ္တာပို့ပြီး သေနတ်ပြောင်းတွေကို ထိပ်တိုက်ဝင်တိုးတဲ့ သာသနာ့ဝန်ထမ်းမျိုး ကြားတောင် မကြားဖူးပါဘူးဗျာ။ သူတို့ကိုကြည့်ပြီ ဒါယိကာ၊ ဒါယိကာမတွေ မျက်ရည်ကျကြတာလည်း သဘာဝကျပါတယ်။ ကျနော်တို့တောင်မှ တွေးလိုက်ရင် ရင်ထဲမှာဆို့နင့်နင့်ကြီးခံစားရတာ မဟုတ်လား။
ရဲဘော်ကြီးမှတ်မိမှာပါ၊ ဂဠုန်ဆရာစံကို ဂုဏ်ပြုတဲ့လေးချိုးကြီးမှာ ဆရာကြီးသခင်ကိုယ်တော်မှိုင်းက ‘ရဂုံချစ်စရာ တပည့်တို့မှာဖြင့်၊ ဥုံအရဟံ သစ္စာကတိတွေနဲ့၊ ဂဠုန်သရဏံဂစ္ဆာမိကြပေတော့’ လို့ အင်မတန် စိတ်အားကြွစဖွယ် ရေးခဲ့တာလေ။ ဒါဟာ ရတနာသုံးပါးကို ဦးထိပ်ထားကြောင်း ဘုရားစာထဲက စာကြောင်းကို အင်မတန်ပြောင်မြောက်စွာပြင်ပြီး ကိုယ်တော်မှိုင်းဟန် ပြုထားတယ်ဆိုတာ လူတိုင်းသိပါတယ်။ ဒါကိုအခုတော့ ကျနော်တို့က သူ့မူရင်းအတိုင်း သံဃာ သရဏံဂစ္ဆာမိ ပြန်ဆိုကြ ရွတ်မိကြပါတယ်။ ဒါပေမဲ့ ကိုဟိုဒင်းရေ၊ အခု အဲဒီရတနာသုံးပါးထဲက တပါးကို စစ်ဖိနပ်တွေနဲ့ကန်လားကန်ရဲ့၊ ခေါင်းရိုက်လားရိုက်ရဲ့။ ဗမာစကားမှာ ဘုန်းကြီးခေါင်း ခေါက်ပြီးကန်တော့တယ်ဆိုတာ မှတ်မိတယ်မဟုတ်လား။ နအဖကတော့ ဘုန်းကြီးခေါင်းကို လှိမ့်ကန်ပြီးတာတောင် ဘုန်းကြီးကို ပြန်ဝန်ချတောင်းပန်ခိုင်းနေလေရဲ့ဗျာ။ နောက်ပြီး မြို့လည်ခေါင်က လမ်းမကြီးတွေပေါ်မှာ သံဃာတော်တွေကို အမဲပစ်သလို စိမ်ပြေနပြေပစ်သတ်နေတာကရော ဒီကောင်တွေကို ရာသက်ပန် ပတ္တနိက္ကုဇ္ဖန ကံဆောင်ရမယ်။
ပြောရရင် ကျနော်တို့ဒီနေ့ရင်ဆိုင်နေရတဲ့ ဖိနှိပ်သူတွေ၊ ကျနော်ကတော့ ရန်သူလိုပဲ တည့်တည့်ခေါ်မယ်ဗျာ၊ ဒီကောင်တွေဟာ တော်ရုံရက်စက်တာမဟုတ်ပါဘူး။ သူတို့ဟာ အခုကိစ္စကျမှ သူတိုရဲ့ဒေါသကို အနှိုးဆွခံရပြီး စိတ်လိုက်မာန်ပါတွေ လျောက်လုပ်နေတာ၊ ရှက်ရမ်းရမ်းနေတာ မဟုတ်ဘူးဗျ။ သူတို့မှာ လူထုအပေါ် ဒီလို မတရားမညှာတာ ရက်ရက်စက်စက်လုပ်ဖို့ဆိုတာဟာ ဗမာနိုင်ငံမှာ စစ်အုပ်စုရယ်လို့စပေါ်လာကတည်းက သူတို့ခေါင်းထဲမှာရှိခဲ့တဲ့ အတွေးအခေါ်ဖြစ်တယ်။ သူတို့ရဲ့ဒီအတွေးအခေါ်ကို ဗိုလ်နေ၀င်းက အာဏာတက် လာစဉ်မှာ ‘ဓားဓား ချင်း၊ လှံလှံချင်းရင်ဆိုင်မယ်’ လို့ကြေငြာပြီး ပလ္လင်ပေါ်က အဆင်းကျတော့‘စစ်တပ်က မှန် အောင်သေအောင်ပစ်တယ်’ လို့ ကျိန်စာတိုက်တာနဲ့ ဖော်ပြခဲ့တယ်။ ဆိုလိုတာက ဒါဟာသူတို့ရဲ့ အသွေးထဲအသား ထဲမှာ စိမ့်ဝင်နေတဲ့ အယူအဆဖြစ်တယ်။ သူတို့သေမှ ဒီအယူအဆနဲ့ လုပ်ဟန်ကိုစွန့်မှာ။
ကျနော်တို့ ပြည်သူတွေဟာ ဒီလိုကောင်မျိုးတွေကို ရင်ဆိုင်နေရတာပါ။ (ဒါနဲ့များတောင် တချို့လူတွေက ဗမာပြည်ကလူတွေ ကြောက်နေကြတယ်၊ အကြောက်တရားက ဖိစီးခြင်းခံနေရတယ် ဆိုတာမျိုးပြောကြသေး တယ်ဗျ)။
ခင်ဗျားစဉ်းစားကြည့်ပါ ရဲဘော်ကြီးရယ်။ အိမ်မှာနေတော့ ရိုက်ပြီးဖမ်းတယ်၊ လမ်းပေါ်ထွက်တော့ သေနတ်နဲ့ ပစ်တယ်။ ဒီလောက်ယုတ်မာရမ်းကားနေမှတော့ လူတွေအနေနဲ့ သည်းခံနိုင်စွမ်းတွေ ကုန်းဆုံးယုံမက ရရာ လက်နက်နဲ့ ပြန်ချချင်စိတ်တွေ ပေါ်တာဆန်းသလားဗျာ။ သူများမပြောနဲ့၊ ပြည်ပမှာနေပြီး အင်တာနက်သတင်းတွေကို ဖတ်နေရတဲ့ ကျနော်တို့ ခင်ဗျားတို့ကိုယ်တိုင်တောင်မှပဲ လက်ထဲရှိတဲ့ မောက်စ်ကိုကိုင်ပြီး မော်နီတာပေါ်က စစ်သားတွေပုံကို ပစ်ပေါက်ချင်တဲ့ ဆန္ဒတွေပေါ်လာတယ်မဟုတ်လား။ တကယ်လို့သာ အနီးအနားမှာ လက်နက်လွယ်လွယ်ရနိုင်ရင် လက်နက်ကိုင် ပုန်ကန်မှုအမျိုးမျိုးပေါ်ပေါက်တာ ကြာလှရော့မယ်၊ ဆိုလိုတာက အခု လိုဖြစ်နေမှတော့ ပြည်သူတွေဘက်က ဘာပဲလုပ်လုပ် တရားတယ်ဆိုတာပဲ ရောင်းရင်းကြီးရေ့။ ဒီကောင်တွေကို ခဲနဲ့ပြန်ပေါက်၊ တုတ်နဲ့ပြန်ရိုက်လည်းတရားတယ်၊ ချောင်းရိုက်၊ ချောင်း ထုတာလဲတရားတယ်။ သေနတ်ရှာတွေ့လို့ သေနတ်နဲ့ပြန်ပစ်၊ လက်လုပ်ဗုံးနဲ့ထုရင်လည်း ကျနော်တော့ လက်ခုပ်တီးမယ်ဗျာ။
ပြည်သူတွေကို ဒီလိုလုပ်အောင်တွန်းပို့နေတာဟာ အုပ်စိုးသူတွေဖြစ်တယ်။ လမ်းပေါ်လျှောက်နေသူကို သေနတ်ကိုင်စေတာဟာ အုပ်စိုးသူပဲ။ ဒီအချက်ကို ဒီနေ့ဗမာပြည်အဖြစ်အပျက်က ထပ်ပြီးအတည်ပြုပေးတယ် လို့ပဲ ပြောရမယ်။ ဒါဟာသမိုင်းနဲ့ဆိုင်တဲ့ မှတ်တမ်းတင်ရမယ့် အရေးကြီးတဲ့အချက်ပဲ။
နောက်ဆုံးအနေနဲ့တော့ ကျနော်ပြောရဲတယ်ဗျာ ကိုဟိုဒင်း၊ ကျနော်တိုနိုင်ငံမှာ သသနာတည်မြဲတယ်ဆိုရင် ဒါဟာ ဗိုလ်သန်းရွှေတို့က ပုဂံမှာ မျှော်စင်ကြီးဆောက်တဲ့ ကုသိုလ်မျိုးကြောင့် လုံးဝမဟုတ်ဘူး။ ဟောဒီလို မျက်ရည်အသွယ်သွယ်နဲ့ လက်အုပ်ချီနေတဲ့ ဒါယိကာ ဒါယိကာမတွေရဲ့ အကြားမှာ သေနတ်ပြောင်းတွေရှိရာကို မေတ္တာသုတ်ရွတ်ရင်းကြွချီသွားကြတဲ့ သံဃာတော် အရှင်သူမြတ်တွေကြောင့်ပဲဗျ။
ဘယာဘေး ကွာဝေးကြပါစေ။

ယာတောက သာဗြော

No comments: